Showing posts with label စိတ်ကြိုက် ၀တ္ထု. Show all posts
Showing posts with label စိတ်ကြိုက် ၀တ္ထု. Show all posts

Friday, October 7, 2011

ဆက်ရန်ရှိသေးသည်ကို နာမည်ပြောင်းလိုက်ခြင်း

 နာမည်ကို ဆန်းဆန်းပြားပြားတွေ ခေတ်စားနေသောကာလ သူသည် သူ့နာမည်ကို ပြီးပါပြီ ဟုအမည် ပြောင်းလိုက်သည်။ အမှန်တော့ ဤနာမည်မှာ လူနာမည်နှင့်မတူ ။ တိရစ္ဆာန်နာမည်နှင့်လည်း မတူ။ ပြီးပါပြီတဲ့။ ဆန်းတာမဆန်းတာ အသာထား၊ သူများနာမည်တွေနှင့်တော့ မတူ။ သူ့ကြောင့် ဇာတ်ကောင်တွေကို နာမည်ဆန်းဆန်းတွေပေးတတ်သော ကာလပေါ်ဝတ္တုရေးဆရာတချို့ အဆိပ်သောက်သူသောက်၊ စိတ်ကျန်းမာရေး ဆေးရုံရောက်သူရောက် ဖြစ်ကုန်ကြသည်ဟုဆိုလေသည်။


ယခင်က သူ့နာမည်ဟောင်းမှာ ဆက်ရန်ရှိသေးသည်ဆိုလား။ မျှော်လို့ဖြင့်မဆုံးနိုင်တယ် ဆိုလား။ ဒါမှမဟုတ် ဒီအမည်မျိုးနှင့် ခပ်ဆင်ဆင် တူသော နာမည်မျိုး ဖြစ်နိုင်ပါသည်။ တချို့ကမူ သူ့ယခုနာမည်မှာ နာမည်ဟောင်းများထက် ပိုကောင်းပါသည်ဟု မှတ်ချက်ချကြသည်။ ဒါ အမည်မဟုတ်ဟု သူ့ကိုကန့်ကွက်သူတွေ ကန့်ကွက်ကြသည်။ သူကမမှု။ နာမည်ဆိုတာ ကိုယ်ပေးချင်သလိုပေးလို့ရတာပဲဟု ချေပသည်။ စစ်ကိုင်းရောက်ရောက်၊ မရောက်ရောက်၊ ငါ့မြင်း ငါစိုင်းလို့ မှည့်တော့ဘာဖြစ်သလဲ။ အကြံကုန်ကုန်၊ မကုန်ကုန် ဂဠုန်ဆားချက်လို့ မှည့်တော့ ဘာဖြစ်သလဲ။ မည်သို့ပင်ဆိုပါစေ။ သူ့ ယခုအမည် (ပြီးပါပြီ) ပြောင်းလိုက်ခြင်းမှာ အမည်ဟူသမျှ နာမ်ဖြစ်ရမည်ဟူသော ကန့်သတ်တရားသေဝါဒ ကိုချိုးဖောက်ပြသရာရောက်သဖြင့် ထောက်ခံသူတို့က ထောက်ခံကြပြန်သည်။


သူ့နာမည်ကိုထိုသို့ (ပြီးပါပြီ) ဟု ပြောင်းလိုက်ကြောင်း ချစ်သူများရော၊ မချစ်မမုန်းသူများရော၊ လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သိစေ ရန်၊ သူက ဂျာနယ်များနှင့် ရုပ်မြင်သံကြားတွင် ကြော်ငြာထည့်လိုက်သည်။ (ထိုကြော်ငြာကို နိုင်ငံကျော်သရုပ်ဆောင်များနှင့် ရိုက်ကူးထား ခြင်းဖြစ်သည်)


လမ်းမများပေါ်တွင်လည်း မြေစိုက်ပိုစတာထောင်သည်။ ခရီးသည်တင် ဘတ်စ်ကားများနှင့် အများသုံး အိမ်သာနံရံများတွင်ပါ ကြော်ငြာကပ်သည်။ သို့သော် သူ့နာမည်ကိုကြည့်ကာ တချို့က ဗီဒီယိုရုပ်ရှင်ကားတစ်ကားအမည်၊ တချို့က သီချင်းစီးရီးခွေတစ်ခု၏အမည်၊ တချို့ က ပြည်တွင်းဖြစ် နိုင်ငံခြားအရက်တစ်မျိုးအမည်ဟု ထင်မှတ်မှားနေကြသည်။ တချို့ကမူ ရှားရှားပါးပါး အမျိုးသားအားတိုးဆေး တစ်ခု၏အမည် ဟုပင် ယူဆနေကြသည်။


တရားမဝင်ကြားရသောစကားများအရ ဤအမည်ကို နာမည်ကြီး ဗေဒင်ဆရာကြီးတယောက်က ရွေးချယ်ပေးခဲ့သည်ဟု ဆိုလေသည်။ ဖြစ်နိုင်လေသည်။ သူသည် လေလည်ရာ၌ပင် ဗေဒင်ကိန်းခန်းအလိုအရသာ ပြုမူသည်ဟု သတင်းကြီးနေသူဖြစ်သည်။ သူက ယခုနာမည်သည် အရင်နာမည်များထက် ပိုမိုကောင်းမွန်ကြောင်း ထက်ထက်သန်သန်ယုံကြည်နေသည်။ ထို့ကြောင့် တွေ့သမျှလူတိုင်းအား... “ကျွန်တော့် နာမည် ပြီးပါပြီပါ” ဟု မိတ်ဆက်စကားပြောနေတတ်သည်။ သူ့စကားကိုကြားရသော လူတော်တော်များများက ရုတ်တရတ် သဘောမပေါက် ။ ပြီးပါပြီဆိုတာ လူတစ်ယောက်ရဲ့အမည်ဖြစ်ကြောင်း မရိပ်စားမိကြ။ ထို့ကြောင့် ဤကိစ္စကို သူကလျှာပေါက်အောင် ရှင်းပြရ၏ ။


တကယ်တော့... နာမည်ဆိုတာတယောက်နဲ့ တယောက်ဆက်သွယ်ဖို့ အပြန်အလှန်အသိအမှတ်ပြုမည့်။ သင်္ကေတတခုထက်မပိုပါဘူး။ သို့ဖြင့် သူကြော်ငြာကောင်းသောကြောင့်ထင်သည်။ မကြာမီမှာပင် သူ့ကို လူတွေက စိုင်းစိုင်းခမ်းလှိုင် ထက်သော်လည်းကောင်း၊ ဂဠုန်ဦးစော ထက်သော်လည်းကောင်း ၊ အင်ဒီယာနာဂျုံး ထက်သော်လည်းကောင်း၊ မူဆိုလီနီ ထက်သော်လည်းကောင်း ပို၍လူသိများသွားသည်။


သူသည် အချိုမှုန့် ထက်သော်လည်းကောင်း၊ စတော်ဘယ်ရီဖျော်ရည် ထက်သော်လည်းကောင်း၊ ဝမ်းနှုတ်ဆေး ထက်သော်လည်းကောင်း ပို၍ထင်ရှားလာသည်။ လက်ကိုင်ဖုန်း ထက်သော်လည်းကောင်း၊ ဟစ်ဟော့သီချင်း ထက်သော်လည်းကောင်း၊ ဘောလုံးဂျာနယ်များ ထက်သော်လည်းကောင်း ပို၍တွင်ကျယ်လာသည်။ လူကြီးများသည် ပုတီးစိပ်ရင်း ဥပုလ်ဇရပ်တွင် သူ့အကြောင်းပြောဆိုနေကြသည်။ မိန်းမပျိုများ သည် အလှပြင်ဆိုင်တွင် ဆံပင်ဖြောင့်ရင်း၊ ဆံပင်ကောက်ရင်း သူ့အကြောင်းပြောဆိုနေကြသည်။ လူငယ်များသည် ဗီဒီယိုဂိမ်းကစားရင်း၊ ဘီယာသောက်ရင်း သူ့အကြောင်းပြောဆိုနေကြသည်။


ကလေးများသည် ထုတ်စည်းတိုးရင်း၊ ဖန်ခုန်ရင်း သူ့အကြောင်းပြောဆိုနေကြသည်။ ကုန်စိမ်းတန်း၊ အလုပ်ရုံ၊ အရက်ဆိုင်၊ ဂေါက်ကွင်း၊ တည်းခိုခန်း၊ ဌာနများစွာမှာပင် လူတွေက သူ့အကြောင်းကိုပြောဆိုနေကြသည်။ ပြီးပါပြီ အကြောင်း မပြီးမစီး ပြောဆိုနေကြသည်မှာ ပြီးနိုင်တော့မည့်ပုံပင်မပေါ်။ သို့သော် တကယ်တမ်းတွင်မူ သူ့အကြောင်းဘယ်သူကမှ သေချာဂန မသိကြ။


ဥပမာ...
ပြီးပါပြီ တွင် ညီအစ်ကိုမောင်နှမ ရှိ/မရှိ။ ရှိလျှင် ထို (သူ/သူမ) တို့၏ အမည်၌ ပြီး၊ ပါ၊ ပြီ စသည့် စာလုံး ပါ/မပါ။
ပြီးပါပြီ တွင် ရောဂါပိုးမွှားကင်းစင်ခြင်း ရှိ /မရှိ ။ သူ သွေးလှူဖူး / မလှူဖူး ။ သွေးသွင်းဖူး/ မသွင်းဖူး။
ပြီးပါပြီ တွင် အမွေဆက်ခံမယ်သူ ရှိ /မရှိ ။ သူကိုယ်နှိုက် အမွေဆက်ခံမယ့်သူ ဟုတ် /မဟုတ်။
ပြီးပါပြီ အကြိုက်ဆုံးဟင်းလျာသည် မည်သည့်အရာ ။ တစ်ခါတစ်ရံ သက်သက်လွတ် စား/မစား ။
ပြီးပါပြီ နှင့် စေ့စပ်ထားသူ ရှိ/မရှိ ။ ထိုသူနှင့် တကယ်လက်ထပ်ဖြစ်မည်/မဖြစ်မည်။
ပြီးပါပြီ ၏ ဝါသနာတချို့... ဥပမာ အမဲလိုက်ခြင်း၊ မျက်လှည့်ပြခြင်း။
ပြီးပါပြီ ၌ အိမ်မွေးတိရိစ္ဆာန်ရှိ/မရှိ ။ ရှိသော် ခွေး သို့မဟုတ် xxxxx ဖော်ပြရန် ။
ပြီးပါပြီ အကြောင်းကို သေချာဂန သိသူမရှိသော်လည်း၊ အောင်ဘာလေထီပေါက်သူလို ရေပန်းစား၍ နေလေသည်။ တချို့သိချင်သောအရာ ရှိပါသည်။ ပြီးပါပြီသည် ပြီးပါပြီ ဟုတ်မဟုတ် ။ အဘယ့်ကြောင့်ဆိုသော် လောကတွင် လူတူမရှား၊ နာမည်တူမရှားသောကြောင့်ပင် ဖြစ်လေသည်။


သစ္စာနီ (ဇူလိုင် ၂၇၊ ၂၀၁၁)

နာရီစားသူများ

အခန်း(က)

ကျွန်တော် စောင့်စားနေတာကြာပြီ။
ဒီလောက်ကြာပြီဆိုပါတော့။






အခန်း(ခ)

အချိန်နှင့်ဒီရေသည် လူကိုမစောင့်ဆိုတော့ လူကပဲ စောင့်ရတာပေါ့လေ။ ကျွန်တော်စောင့်နေတာ ဒီရေကိုလား၊ အချိန်ကိုလား၊ ဘာမှမသဲကွဲ။ မသဲကွဲခြင်းကိုပင် စောင့်နေလေသလား။ မသဲကွဲ။ ဒီရေနှင့်အတူ ဇော်ဂျီရဲ့ဗေဒါပင် တစ်ပင် ကမ်းခြေကို ရောက်ရှိလာမှာလား။ ဒါမှမဟုတ် ကိုလံဘတ်ရဲ့သင်္ဘောပဲ ဆိုက်ကပ်လာမှာလား။ သင်္ဘောပေါ်က ဆင်းလာတဲ့သူဟာ နော်ဧလား။ မဟာဇနက္ကလား။ ဆင်းဘတ်လား။


“ခင်ဗျား ဘာကို စောင့်နေတာလဲ”
မေးခွန်းတစ်ခု။


“မသိဘူး”
အဖြေတစ်ခု။


“ဒါဆို မသိဘူးကို စောင့်နေတာပေါ့”
နောက်ထပ် မေးခွန်းတစ်ခု။


အဖြေမရှိ။ သို့မဟုတ် ဖြေဖို့ အချိန်စောင့်မနေဘဲ သူက စွတ်ပြုတ်တစ်ခွက်တိုက်သည်။ ဇွန်းနဲ့ခပ်လိုက်တော့ ဒါလီ၏ ပျော့တွဲနေတဲ့ နာရီတွေ ပါလာ၏။


“နေပါအုံးဗျ။ ဒါတွေက ဆွဇ်ဇာလန်ဖြစ်တွေလား” လို့ ကျွန်တော်က မေးတော့


“ဟင့်အင်း၊ ဒါ ဂျပန်ဖြစ်တွေတဲ့။ ဒါမှမဟုတ် ဂျပန်နာမည် တပ်ထားတဲ့ တရုတ်ဖြစ်တွေလည်း ဖြစ်နိုင်တာပဲ။”


ဒါနဲ့ကျွန်တော်လည်း အဲဒီ စွပ်ပြုတ်ကို သွန်ပစ်လိုက်တယ်။ (နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ အဲဒီနေရာမှာ သစ်ပင်တွေ ပေါက်ပြီး အဲဒီသစ်ပင်တွေက နာရီတွေ သီးတယ်တဲ့။ ခက်တာက အဲဒီနာရီတွေဟာ တစ်လုံးနဲ့တစ်လုံး အချိန်မတူကြဘူးတဲ့။)


“ခင်ဗျားမှာ နှုတ်ခမ်းမွှေးကော့ကော့ကြီး မပါတာနဲ့၊ ဒါလီ မဟုတ်မှန်း သိတယ်။ ခင်ဗျား ဘယ်သူလဲ” လို့မေးတော့ သူက


“ကျုပ်က အချိန်ကာလလေ” လို့ ပြောတယ်။


“အချိန်ကာလဆိုရင် ခင်ဗျားဟာ ဘာလို့ကျွန်တော်နဲ့အတူတူရှိနေတာလဲ၊ ခင်ဗျားဟာ စီးဆင်းသွားရမှာပေါ့”


“ဒါက ဟီရာကလိုက်တပ် ဆိုတဲ့ ဂရိတစ်ကောင်ပြောတာပါကွာ။ လူတစ်ယောက်ဟာ မြစ်တစ်မြစ်ကို နှစ်ခါ ပြန်မဆင်းနိုင်ဘူး ဆိုလား။ သူတို့က အချိန်ဆိုတာ တစ်သမတ်တည်း စီးဆင်းနေတဲ့အရာလို့ယူဆခဲ့ကြတယ်လေ”


“အိုင်စတိုင်းရဲ့ ရီလေတစ်ဗီတီသီအိုရီ ကို ကျွန်တော်လည်း ကြားဖူးပါတယ်။ သူကတော့ အချိန်ဆိုတာ နှိုင်းရဓမ္မတရား လို့ ပြောခဲ့တယ် မဟုတ်လား။ စတုတ္ထဒိုင်မေးရှင်း ဆိုလား”


“ဟုတ်တယ်၊ ဟင်းလင်းပြင်နဲ့အချိန်ဟာ ခွဲခြားလို့မရဘူး။ ဟင်းလင်းပြင် အချိန်လို့ခေါ်တယ်။ အရာဝတ္ထုတိုင်းမှာ အလျား၊ အနံ၊ အမြင့်နဲ့ အချိန်ရှိတယ်”


“ကျွန်တော်လည်း သိပ္ပံဝတ္ထုတွေ ဖတ်ဖူးပါတယ်။ ကာလယန္တရားဆိုတဲ့ အချိန်စက်နဲ့လိုတဲ့အချိန် (အတိတ်နဲ့အနာဂတ်ကို သွား
လို့ရတယ်ဆိုတဲ့အကြောင်း၊ ဒါကတော့ အလင်းထက်မြန်တဲ့အလျင်နဲ့သွားနိုင်ရင် အချိန်ဟာ နောက်ပြန်ရွေ့သွားနိုင်တယ်ဆိုတဲ့ အိုင်စတိုင်းရဲ့ သီအိုရီကို မှီပြီး ရေးကြ ပြောကြတာပါပဲ။ ဒါထက် ခင်ဗျားကို ဘယ်တုန်းက မွေးခဲ့တာလဲ”


ကျွန်တော် အချိန်ကို မေးလိုက်တယ်။


“ကျုပ် အသက်လား၊ ၁၅ ဘီလျှံလောက်ရှိပြီပေါ့။ မဟာပေါက်ကွဲမှု သီအိုရီဆိုတာ ကျုပ်အမေပဲ။ စကြဝဠာဆိုတာ ကျုပ်နဲ့အမွှာပူးပေါ့။ မဟာပေါက်ကွဲမှု မဖြစ်ခင်က စကြဝဠာလည်း မရှိသေးဘူး။ ကျုပ်လည်း မရှိသေးဘူး”


ကျွန်တော် နည်းနည်းစိတ်ရှုပ်ထွေးသွားတယ်။ ကျွန်တော့်လက်က နာရီကိုကြည့်ပြီး အချိန်ရှိတုန်း အချိန် တိုက်ရအောင် သတိရသွားတယ်။


“ဘယ်အချိန်ရှိပြီလဲ၊ ခင်ဗျား အချိန်မှန်ရဲ့လား”


“အချိန်မှန်တယ်ဆိုတော့ အချိန်မှားတယ်ဆိုတာရော ရှိလို့လား၊ အဲဒါတွေက ဘာတွေလဲ၊ ကမ္ဘာ့အရှေ့ဘက်ခြမ်းက အချိန်နဲ့၊ အနောက်ဘက်ခြမ်းက အချိန်က ဘယ်တူနိုင်ပါ့မလဲ။ အဲဒါနဲ့တစ်ခုကို မှန်တယ်၊ တစ်ခုကို မှားတယ်လို့ ဘယ်ပြောလို့ရမလဲ။ တကယ်တော့ လူ တွေဟာ နာရီတွေနဲ့အလုပ်ရှုပ်နေကြတာပဲ”


“ဒါဟာ လူတွေရဲ့စွမ်းပကားဗျ။ လူတွေဟာ နောက်ဆုံးတော့ အချိန်ကို ထိန်းချုပ်နိုင်ခဲ့တယ်။ နာရီတွေထဲမှာ လှောင်ထားနိုင်ခဲ့တယ်”


“တကယ်တော့ နာရီတွေဟာ မင်းကို ချုပ်နှောင်ထားတာကွ။ မင်းတို့ဟာ နာရီစားသူတွေပဲ”


“ဟုတ်တယ်။ ကျွန်တော်တို့ဟာ နာရီကိုစားပြီး အသက်ရှင်နေတဲ့လူတွေပဲ”


“မှားတယ်၊ မင်းတို့ဟာ နာရီကိုစားနေတဲ့ နာရီစားသူတွေ မဟုတ်ဘူးနော်။ နာရီရဲ့စားသုံးတာကို ခံနေရတဲ့နာရီစားသူတွေပဲ”


သူ့စကားကြောင့် ကျွန်တော် တုန်လှုပ်သွားတယ်။ နာရီကို ကျွန်တော်တို့က စားခဲ့တာလား။ နာရီက ကျွန်တော်တို့ကို စားသုံးခဲ့ တာလား။ နာရီစားသူများတဲ့။




အခန်း(အ)


စာဖတ်သူအနေနဲ့ ဒီဝတ္ထုကို ဖတ်ရတာ၊ အချိန် မကုန်စေချင်ဘူး။ ဒါနဲ့ ကျွန်တော်လည်း အခန်း(ခ) ကနေ အခန် (အ) ကို ကျော်ပြီး အဆုံးသတ် လိုက်တယ်။
  


သစ္စာနီ (ဟန်သစ်၊ ဇွန် -၂၀၀၄)

ရွှေမျက်နှာရဲ့ မြအသည်း




သူ့ကိုတော့ စောစောထဲက မြင်သည်။ မထင်၊ မထင်၍ မခေါ်မိ၊ ထင်စရာကလည်း မြင်ရသည့်သူမှာ သာမန်သာ ဖြစ်သည်။ စန္ဒာ၏ခရမ်းရောင် အိပ်မက်ထဲက သူနှင့်ကား တပုံတခြား၊ ဂဠုန် နဂါး။ ကြည့်လေ၊ ကန်တော်ကြီးရေကို ခြေစိမ်ကာ မြက်ခင်းပြင်ပေါ် စိမ်ပြေနပြေ ထိုင်နေသည့် လူညိုညို သွယ်သွယ် သေးသေး၊ ဘရာကြော်ထုပ်ကို ဘေးချပြီး ကမ္ဘာကျော် ကျောက်ဆစ် ပန်းပုရုပ် တခုလိုငေးငေးငူငူကြီး၊ ဒါပဲ။




စန္ဒာနှင့် ချိန်ထားသည်ကား ကဗျာဆရာ ကိုသင်းထုံ၊ သူ့ကဗျာလေးများ ဖတ်ရသည်မှာ ရှိုက်သံကို ပွေ့ဖက်ရသည်သို့ ရှိသည်။ မျက်ရည်ကို အနံ့ရလာသည်။ တခါတရံ လောကကို မကျေမနပ် ကျိန်ဆဲသံလေးများ ကြားရသည်။ အဲဒါကိုက စိတ်ဆိုးနေသောနှင်းဆီ ပွင့်ဖတ်ကလေး ခြေဆောင့်နေသည်နှင့်တူသည်။ ခြောက်သွေ့ အက်ကွဲနေသော သူ့ကာရံ ကလေးများသည် ငွေရည်စိမ်ထားသော သီဝေခေါင်မြင့်သည့် တိမ်ပွင့် ကြားထဲက ယိုစီး လျှောကျ လာသလိုဖြင့် ဘွားကနဲ မြစမ်းချောင်း ထဲက ရေပွက်ကလေးများ ပလုံစီ ပေါက်ကွဲရာမှ ခုန်ထွက် မွေးဖွားလာသလို ရှိသည်။ စန္ဒာက သူ့ကဗျာလေးများကို ဖတ်ရင်း သည်သို့ ကင်ပွန်း တပ်ခဲ့သည်။ ချစ်စရာ နှုတ်ခမ်းလေးများ၊ စန္ဒာရဲ့ ခရမ်းရောင် အိပ်မက် ပန်းတောမှာရော၊ သည်အတောင် ပေါက်နေသည့် ကဗျာလေးများချည်း ဟိုနားသည်ဝဲပျံလို့ပဲ။ နောက်တော့ စန္ဒာ ကဗျာဆရာကို မိတ်ဆက်စာရေးမိသည်။ သည်လိုနှင့် စာတံတား ခင်းမိကြသည်။ ကြာပြီ၊ ခုတော့စန္ဒာက လူုချင်းတွေ့ရန် ဗိုလ်ချုပ်ပန်းခြံသို့ ချိန်းဆိုခဲ့သည်။






“ကျွန်တော် သင်းထုံ ပါ”


စန္ဒာ ထိုင်နေသော ခုံတန်းနားမှာ လာရပ်၍ သူက သူ့ကိုယ်သူ မိတ်ဆက်လာသည်။ စန္ဒာ အံ့သြမိသည်။ စန္ဒာ ထင်နေတာက ကဗျာဆရာဆိုတာ အလှကြိုက်သူ ဖြစ်ရမည်။သူ့ကဗျာလေးတွေက ပိုလှသည်။ မောင်ဝင်းဗိုလ်လေး၏ ကကြိုးလို၊ သူလည်း အနည်းဆုံး မောင်ဝင်းဗိုလ် လောက်တော့ လှလိမ့်မည် ထင်ထားသည်။ ခုတော့၊ ဟင် အရုပ်ဆိုးလိုက်တာဟုတော့ မပြောနိုင်ပါ။ သို့သော် သာမန်မျှသာ ဖြစ်သည်။ ဈေးဒေါင့်မှာ၊ ပလက်ဖောင်းပေါ်မှာ လူတွေထဲက တွေ့နေကျ ရုပ်မျိုးသာ ဖြစ်သည်။ ဒါက တဒင်္ဂ မြင်စက စန္ဒာ့ကောက်ချက်ချမှု၊ ဒါပေမယ့် ကြာကြာတွေ့မိတော့ သူများနှင့် မတူတာတွေ အများကြီး၊ ဥပမာကြည့်လေ။ သူ့မျက်လုံးတွေကကိုဒဏ်ရာအနာတရ ရထားသော လိပ်ပြာတောင်လေးနှင့် တူ၏။ ပစ္စုပန်ထက် အတိတ်ပိုဆန်သော မျက်လုံးမှိုင်းမှိုင်းတို့ ရှိသည်။ ပြီးတော့ ချိုအေးသော်လည်း ခိုင်ခံ့သည့် အသံ၊ ကြည်ကြည်သာသာဖြင့် လေးလေးဆေးဆေးပြောတတ်သော စကား။ ပြီးတော့….။
ဒါတွေက နောက်မှ မြင်လာ သိလာရသည်။ ခုတော့……..။ စောစောထဲကသာ သူ့ကို ကိုသင်းထုံမှန်း သိလျှင် စန္ဒာ လှည့်ပြန်ဖြစ်လိမ့်မည်။ ခုတော့ မျက်နှာချင်း ဆိုင်မိပြီ။ ဒီလိုဆိုတော့ သူနှင့်တွေ့ရမှာ ပျင်းစရာကြီးဟု စန္ဒာတွေးမိပြန်သည်။


“ထိုင်လေ”


စန္ဒာ ထိုင်နေသော ခုံတန်းရှည် ဘေးမှာ ဝင်ထိုင်ရန် စန္ဒာက ဖိတ်ခေါ်လိုက်သည်။တကယ် စကားပြောကြတော့လည်းပျင်းစရာ မကောင်းပေ၊ သူက တမင်သက်သက် စကားပြော ပညာနှင့် ဆွဲဆောင်နေခြင်း မဟုတ်ရပါဘဲနှင့် ကိုသင်းထုံကို အထင်ကြီးမိပြန်သည်။ပြောရာ၌လည်း ပရိယာယ်မပါ။ ရိုးရိုးပင်။ သည်နေရာမှာ ကိုမြတ်ထွန်းအောင်နှင့် ကွာသည်။ ကိုမြတ်ထွန်းအောင်က သူ့ကို အထင်ကြီးရန် ဂရုစိုက်သည်။ ပလွှားသည်။ ဟန်ဆောင်သည်။ ကွာသမှ အကွာကြီး ကွာသည်။






ကိုသင်းထုံက သူ အိမ်ပြေး ကျောင်းပြေး ဘဝ အကြောင်း ပြောပြသည်။ သူ အိမ်က ပြေးစဉ်က တမြို့တရွာမှာ ထမင်း တခါပြင်ငါးမူး ဆိုင်၌ တနေ့ တနပ်စား နေရကြောင်း၊ နှင်းထူ၍ ခြင်ကိုက်သော ညဝယ် လမ်းဘေး မြက်ခင်းပေါ် ကျောခင်းရင်း ပလက်ဖောင်းကို ခေါင်းအုံး အိပ်ရသည့် အကြောင်းကို ကြားရသည့်အခါ ကိုမြတ်ထွန်းအောင်က သူအမေရိကကို သွားလည်စဉ်က တည်းခိုခဲ့ရသော ဟိုတယ်ကြီး ကြီးကျယ် ခမ်းနားကြောင်း၊ စားဖွယ် ဘောဇဉ်တို့ အင်မတန် ကောင်းကြောင်း ပြောဖူးသည်ကို အမှတ်ရမိသည်။ ကိုသင်းထုံက သူ ရုပ်ရှင် ကြည့်စရာ ပိုက်ဆံ မရှိလျှင် ကဗျာရေးထားသောစာရွက် ကြမ်းများကို ပိဿာချိန်နှင့် ရောင်းပြီး ကြည့်ရကြောင်း ပြောသည့်အခါ တခါက ကိုမြတ်ထွန်းအောင် စန္ဒာ့ကို ရုပ်ရှင် လိုက်ကြည့်ရန် ခေါ်လေရာ ငြင်းဆန်မိ၍ စိတ်ဆိုးပြီး ငါးကျပ်တန် လက်မှတ်များကို ဆုတ်ပစ်ဖူးတာ သွားသတိရမိပြန်သည်။ စန္ဒာ တထိုင်တည်းနှင့် ရင်းနှီး သွားမိသည်။ သူ့မှာ ခင်မင်စရာ၊ လေးစားစရာတွေကို တွေ့မိသည်။ ကြင်နာစရာ၊ကရုဏာ သက်စရာတွေကို မြင်ရသည်။ ဒါတွေကို သူက တမင် သက်သက် အရုပ်ကြိုးဆွဲ ပြသည်မဟုတ်။ ရိုးရိုးသားသား ပြောနေသည့် သူ့စကားထဲမှ စန္ဒာက သာ ရွှေကျင်သလို ကျင်ယူခဲ့ရခြင်း ဖြစ်သည်။


“ပစ္စည်းဂုဏ်၊ ရာထူးဂုဏ်၊ ပညာဂုဏ်၊ ဘယ်ဂုဏ်ပဲ ဖြစ်ဖြစ် ဂုဏ်ဆိုတာ အချစ်ရဲ့ ကြိမ်တလုံး ကြိုးတချောင်းပဲ။ သူက အချစ်ကို တိုက်ရိုက် သြဇာ ပေးနိုင်တယ်။ အချစ်ရောင် တဖိတ်ဖိတ် လက်နေပါတယ်ဆိုတဲ့ အသဲပေါင်း များစွာဟာ ဒီ ဂုဏ်နဲ့ တွေ့တဲ့အခါ လမ်းဘေးက ကျောက်စရစ်ခဲ တလုံးထက် ပိုပြီး တန်ဖိုး မရှိတော့ဘူး”


သူက တခါသေဖူး၍ မျက်ရည်၏ တန်ဖိုး နားလည်နေသူ ဖြစ်သည်။ သူကပြန်ညည်းပြသည်။ အတိတ် သို့မဟုတ် ရင်ထဲက ပြာပုံအကြောင်း၊ ညနေစောင်း၍ ပြန်မည်ပြုသောအခါ သူက စန္ဒာ့ကားနှင့်မလိုက်ဟု  ငြင်းသည်။ စန္ဒာ့ကား ထွက်သွားသည်အထိ ပန်းခြံဝမှာ ရပ်ငေးကြည့်ရင်း ကျန်ခဲ့သည်။






စန္ဒာ မကြာမကြာ သူနှင့် တွေ့သည်။ ကန်တွေမှာ၊ ရုပ်ရှင်ရုံတွေမှာ၊စားသောက်ဆိုင်တွေမှာ။ သူ့ကို ခေါ်မရတာ တနေရာသာ ရှိသည်။ ဘုရားဖူး။ စန္ဒာက သူ့ကို ကွန်မြူနစ်ဟု စွပ်စွဲသောအခါ သူက ပြုံးသည်။ ပြီးတော့ ဒေါ်လတန်၏ အနုမြူ သီအိုရီ အပေါ် တည်ဆောက်ထားသော ရုပ်သည်သာ အခိုင်အမာ ဆိုသည့် ကားလ်မက်စ်၏ ဖီလိုဆိုဖီမှာ နှစ်ဆယ်ရာစု သိပ္ပံအရ ခေတ်နောက်ကျနေပြီ ဖြစ်ကြောင်း ဝေဖန်ပြတော့သည်။ သူ့ကိုယ်သူ ဘာကောင်မှ ဖြစ်မည့်သူ မဟုတ်ဟု နောက်ဆုံးပြောသည်။ သူနှင့်စကားပြောရသည်မှာ ကျယ်ဝန်းသည်။ ဥပမာ- ရုပ်ရှင်အကြောင်း စကားစပ်မိလျှင် “ဒေါက်တာ ဇီဗားဂိုး” ဇာတ်ကားမှ မူရိုက်ဂျာရေး၏ ပြောင်မြောက် အကွက်ဝင်သော ဂီတနှင့် ဒါရိုက်တာ ဒေးဗစ်လန်း၏ အနုပညာ မြောက်စွာ တင်ပြမှု၏ ပေါင်းကူး သဘောတရား၊ ရုရှားမှ ချူကရိုင်၏ လေးဆယ့်တစ် ဇာတ်ကားမှ စစ်ဆန့်ကျင်ရေးမူ နှင့် အိတလီမှ လူချင်းနိုး၏ ရိုကိုနှင့် ညီအကိုမျာ.း ဇာတ်ကားကို လက်ဖျားခါကြောင်း ပြောပြတတ်သည်။ ဒေါက်တာဇီဗားဂိုး ကြည့်ရင်း ပျင်းသောကြောင့် ကိုမြတ်ထွန်းအောင် တဝက်တပျက်နှင့် ထပြန်လာကြောင်း ပြောသည့်အခါ ပြုံးသည်။ ကိုမြတ်ထွန်းအောင် ပြောတတ်သော ရုပ်ရှင် အကြောင်းမှာ ပရက်စလေနှင့် စတယ်လာစတီးဗင်း တွဲတာ သိပ်လိုက်ကြောင်း၊ ပဲရစ်မှာလုပ်သည် ဇာတ်ကားမှာ အင်မာဂရက် သီချင်းကောင်းကြောင်း နှင့် ကလစ်ရစ်ချက် ဇာတ်ကား မကြည့်ရသည်မှာ ကြာပြီ ဖြစ်ကြောင်း စသည်ဖြင့်သာ ဖြစ်သည်။






သူနှင့် စကား ပြောပြီဆိုလျှင် တရှိန်ထိုး ပြောတတ်သည်။ နားထောင်သူကို မကြည့်၊ ပြောချင်ရာ ပြောနေတတ်သည်။ သူစကားဆုံးမှာ ပြုံးကြည့်ရင်း အားနာဟန်ပြသည်။ ကဗျာဆိုလျှင်လည်း ကဗျာမို့။ တင်မိုး၏ ကဗျာသဒ္ဒါ အသုံး၊ ဒေါင်းနွယ်ဆွေ၏ မာန်နှင့် ရူပက အလင်္ကာများ၊ ကြည်အေး၏ စိတ္တဇအတွင်းသားနှင့် ဒဂုန်တာရာ၏ဟန် ကာရံသစ်များ၊ မောင်ပန်းမွှေး၏ အချွဲ၊ အပလီနှင့် နောင်၏ ဂီတသံတို့ကို စီကာ ပတ်ကုံးပြောပြသည်။ ရှယ်လီ၏ သူပုန်ကဗျာနှင့် ရန်းဘိုး၏ ပြင်သစ် သင်္ကေတ ဝါဒ၊ ဂျာမန်မှ ဂိုသီ၏ အချစ်ကဗျာလေးများ အကြောင်းလည်းပါသည်။ ပန်းချီပြပွဲ သွားကြည့်ရင်းမှလည်း ဦးစံဝင်း၏ အလင်းအမှောင် နှင့် ရမ်းဘရန့်၏ အလင်းအမှောင်အကြောင်း၊ အောင်စိုး၏ ရှန်တိနိကေတန် လက်ရာနှင့် ပေါ်ဦးသက်၏ မော်ဒန်အတ်၊ ခင်မောင်ရင်၏ ဗိသုကာ ဆန်သော ကားများနှင့် ပီကာဆို၏ ကျူဗစ်ဇင်နည်း။ စပိန်မှ ဒါလီ၏ ဆာရီရယ် လစ်ဇင်နည်းမှ ဖရု၏ စိတ္တဗေဒ အထိ ရောက်သွားသည်။ သူပြောချင်ရာ ပြောပြီးလျှင် လူကို ကြည့်ကာ အားနာဟန် ပြုံးပြသည်။ တတ်နိုင်လွန်းတဲ့ သူပဲ။






တနေ့က ကိုမြတ်ထွန်းအောင် အိမ်လည်လာသည်။ လာစရာ အကြောင်းကလည်းရှိသည်။ ဖယ်မလီယာကား ကြက်သွေးရောင်ကို စီးရသည်မှာ ငြိးငွေ့၍ အနက် အသစ်တစင်း ဝယ်သည်။ သူ ဒုတိယ အတွင်းဝန်ရာထူး တိုးမြှင့် ခံရသည်။ ဒါတွေက အကာသာ ဖြစ်သည်။ အဓိကမှာ စန္ဒာ သူ့ကို လက်ထပ်ခွင့် ပြုရန် တောင်းခံခြင်း ဖြစ်သည်။ ထိုနေ့က ကိုမြတ်ထွန်းအောင်က သူ ရာထူးတက်သည့် အထိမ်းအမှတ်အဖြစ်၊ သူ့ကားသစ်ကိုလည်း စီးကြည့်ရန် စန္ဒာ့ကို ရုပ်ရှင်ဖိတ်ပြသည်။ သူနှင့် စန္ဒာ လက်ထပ်ဖြစ်လျှင် ယခု ပြည်လမ်းရှိ သူ့မိဘများ တိုက်မှာ မနေ၊ အင်းယား လမ်းမှာ ခြံတခြံ ဝယ်မည်။ သူ့သူငယ်ချင်းဗိသုကာ ဆရာကို ခေတ်အမှီဆုံး ပုံစံ ထုတ်ခိုင်းကာ လှပသော တိုက်အသစ်ကလေး တလုံးကို စန္ဒာ့ အတွက် ဆောက်ပေးမည် ဟုကားပေါ်မှာ ကိုမြတ်ထွန်းအောင်က ပြောသည်။ စန္ဒာတို့ ရုပ်ရှင်ရုံမှ အလွှတ် ရုံမှ အထွက်ဝယ် ကိုသင်းထုံကို တွေ့သည်။ တွေ့သည် ဆိုရာမှာ စန္ဒာကသာ မြင်ခြင်း ဖြစ်သည်။ ကားပေါ်မှလည်းဖြစ်၊ အတန်ငယ်လည်း လှမ်းနေ၍ စန္ဒာ နှုတ်မဆက်ဖြစ်။ လမ်းဘေးပလက်ဖောင်းရှိ ထမင်းဆိုင် တဆိုင်မှာ သူထမင်း ငုံ့စားနေသည်။ ထိုနေ့ ညစာကို စန္ဒာတို့ အင်းယားလိပ် ဟိုတယ်မှာ စားရာ ထမင်းတနပ်စာကို တစ်ရာကျော်ကျသည်။






စန္ဒာ ပြတ်သားရတော့သည်။ စဉ်းစားသည် ဆိုရာ၌ ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာအောင် စဉ်းစားလို့ မရ။ တိကျရမည်။ အိမ်ထောင်ပြုတယ် ဆိုတာ ကစွန်းရွက် ရောင်းတာ မဟုတ်။ ပန်းချီဆွဲတာ မဟုတ်၊ ပြုပြီးမှ ညာတာ ပါတေး ဆိုလို့လဲ မရ၊ ဘွာခတ်လို့လည်း မရ။ ကိုမြတ်ထွန်းအောင်ကို အကိုကြီးလို ခင်သည်။ ဒါထက် မပိုဟု စန္ဒာ ထင်သည်။ ကိုသင်းထုံကျတော့ကော၊ သူက ကျိန်စာသင့်ရွက်ဝါလေး တချက်လေ။ အရောင်တင်ထားသော စံပယ်ပွင့်လေးနှင့်တော့ ကွာသည်။ သိပ်ကွာသည်။ ဒီ မီးသင့်နေသော ဝတ်ဖတ်လေးကို သူသနားသည်။ ပြီးတော့ ဒီ ဝတ်ဖတ်လေးက တေးဆိုတတ်ပြန်တော့ သူချစ်သည်။ ပြီးတော့ စဉ်းစားရမည် ဆိုတော့ သူပြောသော စကားတွေက နားထဲမှာ အိမ်ဖွဲ့နေသည်။ အချစ်ဆိုတာ ဘာလဲ စန္ဒာ တွေးကြည့်သည်။ ညားတိုင်း မချစ် ဟု ဆိုသည်။ ဒါဖြင့် ဘာကြောင့် ချစ်တိုင်း မညားကြသနည်း။ ယင်းအကြားမှ ပျောက်ဆုံးနေသော ဆက်သွယ်မှုသည် ယခင်က စန္ဒာ့အတွက် နားမလည်နိုင်သော တက္ကဗေဒ တပုဒ် ဖြစ်သည်။ ဂုဏ်ဆိုတာ အချစ်ကို တိုက်ရိုက် သြဇာပေးနိုင်တဲ့ ကြိုးတချောင်း ကြိမ်တလုံးပဲ။ တဲ့ သူပြောမှပဲ နားလည်သည်။ သို့သော် ဒီစကားအတွက် ချွင်းချက်ကို သူ့အတွက် စန္ဒာက မွေးဖွားပေးလျှင်ကော။ ကောင်းသည်။ စန္ဒာသည် ဖြူလျော်လျော် စန္ဒာ အဖြစ် မခံနိုင်ပါ။






စန္ဒာသည် လေပွေထဲမှ အတောင်ပေါက်သော ဂွမ်းစိုင်လေးလို ပေါ့ပါးနေသည်။ သူ့ထံ သွားသည်။ သူသည် မဂ္ဂဇင်းတိုက် တခုမှာကပ်နေသည်။ သူနှင့် လက်ထပ်ဖြစ်လျှင် အင်း…. ပထမဆုံး အိမ်တအိမ် ငှားရန် လိုမည်ဟု စန္ဒာ ဘတ်စ်ကားပေါ်မှာ တွေးလာသည်။ ဟုတ်သည်။။ ကနေ့စန္ဒာ သူ့အိုပယ်ကားလေးကို အိမ်မှာ တမင် ထားပစ်ခဲ့သည်။ သူ့အရည်အချင်းကို စမ်းသပ်ရမည်။ ကဗျာဆရာကတော် လုပ်မည်ဆိုတော့ စန္ဒာ သူ့အတွေးနှင့်သူ မြုံစိစိ ပြုံးမိသည်။ ပြုံးရင်းက နှာခေါင်း ရှုံ့မိပြန်သည်။ ဘတ်စ်ကားကိုပထမဆုံး စီးဖူးရုံနှင့် စိတ်ပျက် သွားသည်။ လူတိုးခံရသည့်အထဲ ချွေးစော်ကနံသေး။ လက်ကုန်သည်။ တိုက်ရောက်တော့ ချောင်တချောင်မှာ သူ့ကို တွေ့သည်။ အမှိုက်ပုံ ပစ်သင့်ပြီ ဖြစ်သော သူ့တယောဟောင်းလေးကို တကုပ်ကုပ်ပြင်နေသည်။ စန္ဒာ့တွေတော့သူက ပြုံးပြသည်။ စန္ဒာက သူ့လက်က တယောကိုယူရင်း တနေရာမှာထားလိုက်သည်။ ဒီတခါ မာမီ့ဆီက မုန့်ဖိုးရမှ သူ့အတွက် အီတလီ တယောက်လေးတလက် အသစ်ဝယ်ပေးလိုက်မည်ဟု စိတ်ထဲမှာ တေးထားလိုက်သည်။ သည်နေ့ သူတို့ ရုပ်ရှင်ကြည့်သည်။ အပြီး လဟာပြင်ဈေးကို မုန့်သွားစားကြသည်။ သိမ်ကြီးဈေးနားက လမ်းမှာ ကိုသင်းထုံနှင့်မိန်းမကြီး တယောက် တွေ့ကာ စကားလက်ဆုံ ကျနေ၏။ စန္ဒာ ခပ်လှမ်းလှမ်းမှ ရပ်စောင့်နေ၏။ အတော် မသားနားသော မိန်းမကြီးဖြစ်သည်။ နှစ်ခါလည် သားလေးကို ခါးထစ်ခွင် ချီပြီး ခေါင်းပေါ်မှာ တောင်ကြီး တတောင်း ရွက်ထားသည်။ သူက ထိုမိန်းမကြီးကို ဘတ်စ်ကားပေါ်ရောက်သည်အထိ တင်ပေးပြီးမှ စန္ဒာ့ထံ ပြန်လာသည်။ ပြီးတော့ အားနားဟန် ပြုံးပြသည်။ သူ့အပြောအရ ထိုမိန်းမကြီးမှာ စာရေးဆရာ ကတော် ဖြစ်သည်။ ပြောင်းဖူးဖုတ်ရောင်း၍ မြောက်ဥက္ကလာမှာ နေသည် ဟုဆို၏။ ယခုတလော ယောက်ျားကလည်း နေမကောင်း၊ ကလေးတပြုံကြီးနှင့် အတော် ကသီလင်တ နိုင်နေသည်ဟု သိရသည်။ သူပြောနေသော စာရေးဆရာကို စန္ဒာ သိသည်က အတော်အသင့် နာမည် ကြီးသူ ဖြစ်သည်။ စန္ဒာသောက်နေသော ဖာလူဒါသည်မျိုမကျတော့၊ လည်ချောင်းမှာ တစ်နေသည်။ ငှက်တို့ မည်သည် လေမှာသာ ပျံ၏။ ဝဲ၏။ တေးဆို၏။ ကစား၏။ စိတ်ကူးယဉ်၏။ သို့သော် ငှက်တို့မည်သည် သစ်ပင်တို့၌သာ အုံကျင်းဖွဲ့ကုန်၏။ သိုက်မြုံဆောက်ကုန်၏။ နားခိုကုန်၏။ အိပ်စက် အပန်းဖြေကုန်၏။


စန္ဒာ တနေ့က လက်ထပ်သည်။


ကိုမြတ်ထွန်းအောင်နှင့် ဖြစ်သည်။




သစ္စာနီ (စန္ဒာ မဂ္ဂဇင်း – သြဂုတ်၊ ၁၉၇၃)

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes